ငှက်ကလေးရေ .....
အသံသာတဲ့ ကိုယ့်ရဲ့ ငှက်ကလေးရေ .....
အိပ်မောကျနေပြီလားကွယ် .....
ကောင်းသောညလေး ဖြစ်ပါစေလို့
ငှက်ကလေးအတွက် ကိုယ်ဆန္ဒပြုမိပါရဲ့.....
ဒီနေ့လဲ ကိုယ့်ကို နှုတ်မဆက်ပဲ
ငှက်ကလေး အိပ်မောကျသွားပြန်ပြီနော် .....
မီးစိမ်း နဲ့ မီးဝါလေးရဲ့
အကူးအပြောင်းမှာ
ကိုယ် မှင်သက်မိနေတုန်း
အမှောင်နက်နက် အလင်းလဲ့လဲ့
မြင်ကွင်း တစ်ချို့ဟာ
ငှက်ကလေးရဲ့ အိမ်ပြတင်းက
စီးဆင်းနေကျ ညခင်းတခုလို .....
လက်ပြ နှုတ်ဆက်ခွင့်ရှိရဲ့လား ?
ကိုယ် ရောက်ကန်းမတက်ချင်ပါဘူး .....
အိပ်မက်လှလှ မက်စေဖို့သာ
အသံတိတ် ဆုတောင်းပေးနေမိခဲ့တာ
ရင်ထဲမှာ လစ်ဟာသွားတဲ့ ဝေဒနာ
ကြေငြာစရာမလိုပဲ
အိမ်ပြန်လမ်းလေးက သိတယ် ......
အကြောင်းပြချက် မရှိပဲ
ငှက်ကလေးနဲ့ ဝေးခဲ့ရတဲ့ ညဟာ
ကိုယ့် အတွက်တော့
ဒီဇင်ဘာကို အာတိတ်သမုဒ္ဒရာထဲ
ပစ်ချခံလိုက်ရတဲ့ ညပဲ ......
ငှက်ကလေးရယ် ........
ကိုယ်ဟာ အစွဲလန်းကြီးသူတစ်ယောက်
မဟုတ်ခဲ့ပါဘူး ...........
ငှက်ကလေးနဲ့ ပတ်သက်ရင် အရာရာကို
စွဲစွဲလန်းလန်း ရှိနေခဲ့တာလေး တခုရယ် .......
ကိုယ့် ချစ်သူနဲ့ လမ်းခွဲပြီးကတည်းက
ဘယ်လို အသဲကွဲဇာတ်လမ်းမျိုးကိုမှ
ကိုယ် မဖတ်ချင်တော့တာ ......
ကြည့်မိတိုင်း မျက်ရည်ကျရတဲ့
ဘယ်လို အလွမ်းဇာတ်သိမ်းမျိုးကိုမှ
ကိုယ် မခံစားနိုင်တော့တာ .......
အသဲငယ်တတ်သူရယ်လို့ ကိုယ့်ကို
ငှက်ကလေး ပြက်ရယ်ပြုချင် ပြုနေမယ် ......
ကိုယ့်မှာတော့ ခဲမှန်ဖူးတဲ့ စာသူငယ်မို့
တခါသေဖူး ပျဉ်ဖိုးနားလည်နေမိတဲ့ အဖြစ်ရယ်ပါ......
စာနာတတ်မယ်ဆို ကိုယ့်ဘက်ကို
တခါလောက်ပဲ ငှက်ကလေး ငဲ့ကြည့်ပေးပါ .....
အလွမ်းတွေ နင့်နေတဲ့ အချစ်ဘူတာမှာ
မျှော်လင့်ခြင်းရထားလေး ဆိုက်ကပ်နေတာ
ငှက်ကလေးတစ်ယောက် ကြည့်တတ်ရင် မြင်မှာပါ ......
ငှက်ကလေး သိလား ?
ကိုယ်ဟာ ပရဟိတထက်
အတ္တဟိတကိုသာ ဦးစားပေးခဲ့သူ .....
ဒီအသက် ဒီအရွယ်အထိ
ကိုယ့် ကိုယ်ကျိုးတစ်ခုထဲကိုသာ
ရှေးရှုပြီး ရှင်သန်နေထိုင်ခဲ့တဲ့သူ .......
အခုတော့ ကိုယ်ဟာ
ကိုယ်ချင်းစာခြင်း တရားကို
ကိုယ့် နှလုံးအိမ်အတွင်းမှာ
လမ်းပြအလင်းရောင်လို ချိတ်ဆွဲလို့ .....
ရို့ကျိုးခြင်း ဆိုတဲ့ ဂါရ၀တရားကို
ကိုယ့် နှလုံးသားရင်ပြင်မှာ
ကျေကျေနပ်နပ်ကြီး ထွန်ယက်လို့ .......
ကိုယ်ဟာ စကားလုံးတွေနဲ့
ဖွင့်ဟ ပြောပြစရာမလိုပဲ
ငှက်ကလေး ရင်ထဲက ဆန္ဒတွေကို
အလိုအလျောက် သိမြင်နားလည်နိုင်ခဲ့တဲ့သူ .....
ကိုယ်ဟာ ငှက်ကလေးနှုတ်က
တကူးတက ဆုံးမစရာမလိုပဲ
အကြည့် တစ်ချက်နဲ့တင်
ငှက်ကလေး အလိုကျ
ကိုယ့်ဘ၀ကို ပဲ့ပြင်နေထိုင်ခဲ့တဲ့သူ ......
ကိုယ်ထင်တယ်လေ ......
ငှက်ကလေးသာ ကိုယ့်အနား ရှိခဲ့မယ်ဆို
ဘယ်လို ခေတ်ပေါ် အီလက်ထရောနစ်
ပစ္စည်းမျိုးကိုမှ ကိုယ်မလိုချင်တော့ဘူး ......
သေချာပါတယ် ......
ဘယ်လိုအဆောင်အယောင် အခမ်းအနားမျိုးကိုမှ
ကိုယ် မမက်မောတော့ဘူး .......
တခါ တခါတော့လဲ
ငှက်ကလေး ပြောပြောနေကျ
မြန်မာသံစဉ် သီချင်းလေးတွေကို
နားထောင်ကြည့်မိချင်သား .....
ကြင်နာတတ်တဲ့ ငှက်ကလေးက
ကဗျာချိုချိုလေး တစ်ပုဒ်လောက်
ကိုယ့်ကို ရွတ်ပြပါလား ?
အို ......... ကိုယ်စိတ်ကူးယဉ်တာတွေ
များလွန်းသွားပြီထင်ရဲ့ ....
အလကားရတဲ့ စိတ်ကူးယဉ်ခွင့်အပေါ်မှာ
အုတ်မြစ်ချလို့ ကိုယ်ဟာ လေထဲ
တိုက်အိမ်ဆောက်နေမိသူပါကွယ် ....
တဆိတ်လောက် ..... ဟိုအဝေးတစ်နေရာကနေ
ကိုယ့်ကို ငှက်ကလေး လှောင်ပြောင်
ရယ်သွမ်းသွေးမနေဘူး မဟုတ်လား ?
တခြားသူတွေအပေါ်မှာ ကြင်နာတတ်သလောက်
ကိုယ့်အပေါ်မှာ ငှက်ကလေးတစ်ယောက်
မကြင်နာတတ်တာ ကိုယ်သိတယ် ......
အဲဒါဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေကိုလဲ
ငှက်ကလေး ကိုယ်တိုင်ပဲ သိမယ် .......
ငှက်ကလေးရယ် .......
ရက်စက်တတ်သူလို့ ကိုယ် မစွပ်စွဲပါရစေနဲ့ .....
အသဲခွဲတတ်သူလို့လဲ ကိုယ် ကင်ပွန်းမတပ်ချင်ပါဘူးကွယ် .....
အဆင်ခြင်မဲ့တဲ့ ကိုယ့် နှုတ်ထွက် စကားတစ်ခွန်းကြောင့်
ငှက်ကလေးရဲ့ ဂုဏ်သိက္ခာတွေ
ညှိုးနွမ်းသွားမှာ ကိုယ်စိုးတယ် .........
အလျှံတငြီးငြီး တောက်ပနေတဲ့
ငှက်ကလေးရဲ့ အရှိန်အ၀ါတွေ
ယုတ်လျော့သွားမှာ ကိုယ်ကြောက်တယ် ......
အချစ်ဟာ ကိုယ့်အတွက်
အမြဲစိမ်းသစ်တော .......
စိမ်းလန်းတဲ့ သူ့အသွင်အပြင်က
ရင်ကို အေးမြစေပေမဲ့လို့
ရင်းနှီးမှု တစုံတရာကိုတော့
ဘယ်သောအခါမှ မပေးစွမ်းနိုင်ခဲ့ဘူး .......
အဲဒိလိုပဲ ငှက်ကလေးဟာလဲ
ကိုယ့်အတွက် အမြဲစိမ်းသစ်တော .......
အချစ် = ငှက်ကလေး = အမြဲစိမ်းသစ်တော
အဖြေရပြီးသား ပုစ္ဆာတစ်ပုဒ်ကို
ထပ်ခါတလဲလဲ မိုက်မိုက်မဲမဲ
တွက်ချက်နေမိသူဟာ ကိုယ်ပေါ့ ......
ငှက်ကလေး သို့ .......
.............................
ငှက်ကလေး အတွက် .......
..............................
ငှက်ကလေး .................
.................................
.................................
နာရီလက်တံ တချက်ချက် မြည်သံကြားမှ
ပစ္စုပ္ပန်ဟာ စိတ်နဲ့ခန္ဓာမှာ ကပ်တယ် ......
ဟိုအဝေးဆီမှာ မဟူရာညရဲ့
ရထားဥသြသံ ခပ်သဲ့သဲ့ ........
အင်း ....... ဘာလိုလိုနဲ့ ဒီညလဲ
ငှက်ကလေးအတွက် ကဗျာရေးရင်း
မိုးလင်းရအုံးတော့ပြန်မှာပဲ .............
( ဒီငှက်ကလေးသို့ ဆိုတဲ့ တမ်းချင်းပဲ ခေါ်မလား
ကဗျာလို့ပဲ သတ်မှတ်မလား အဲဒိ ပို့စ်လေးကို မိုးနတ် မရောက်တာကြာပြီဖြစ်တဲ့ ဘလော့ဝိုင်းထဲက စီနီယာ ဂျုနီယာ
မောင်နှမများအားလုံးအတွက် ရည်ရွယ်ပြီး တင်ပေးဖြစ်ပါတယ် .....
မိုးနတ် ဘလော့ဖက်ကို ခြေဦးမလှည့်ဖြစ်သေးတဲ့အတွက်တော့
ခွင့်လွှတ်ပေးကြပါရှင် ..... အားလုံးကပျောက်နေတယ်လို့
စီပုံးမှာရော ဖဘမှာတွေ့ရင်ရော သတိတရမေးကြတယ် ...
အဲဒါကို မသိချင်ယောင်ဆောင်ပြီး ဖဘမှာပဲ
လမ်းသလားနေပြီး ဘလော့ဖက်ကို မလာနိုင်တာကိုတော့
မျက်နှာပူပူနဲ့ပဲ တောင်းပန်ပါရစေ .... မိုးနတ် အလုပ်တွေ ဘယ်လိုမှမအားသလို ရှေ့လျှောက်ပြီးလဲ ဒိထက်ပို
အလုပ်များရဖို့ ရှိပါတယ် .... နောက်ပြီး ဒီနှစ်မကုန်ခင် မိုးနတ် ကြိုးစားပြီး ၀တ္ထုရှည်တစ်ပုဒ်ရေးဖို့ ရှိတယ် .... အဲဒါလဲ သိပ်ကို
အာရုံထားပြီး ကြိုးစားနေတာမို့ နားချိန် အားချိန်
မရှိလောက်အောင်ပါပဲ ... သတင်းအဆက်အသွယ်
မပြတ်စေဖို့ရယ် .... အချိန်ကုန်သက်သာစေဖို့ရယ် ရည်ရွယ်ပြီး ဖဘကိုတော့ အမြဲဝင်ဖြစ်ပါတယ် ..... အဲဒါလေးကိုတော့
နားလည်ပေးစေချင်ပါတယ် ဘော်ဘော်တို့ရယ် ....
အားလုံးကို အရမ်းပဲ သတိတရရှိနေပါတယ် ...
အဲ နောက်တော့လေ .... ပြောအုံးမလို့
ဒီ ငှက်ကလေးသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမရည်ဝေ ရေးဖြစ်တဲ့
ငှက်ကလေး စီးရီးလေးတွေ မှတ်မိကြအုံးမယ် ဖတ်ဖူးကြမယ်
ထင်ပါတယ် ..... ခု မိုးနတ်ကလဲ ငှက်ကလေးသို့ ဆိုတော့
အားလုံး မျက်စိလည်သွားမှာစိုးလို့ပါ .... ဒီကဗျာလေးကို
မိုးနတ်ရဲ့ တကောင်တည်းသော ငှက်ကလေးအတွက်
ရည်ရွယ်တာမို့ မမရည်ဝေကို ခွင့်တောင်းပြီးမှ
ငှက်ကလေး သို့ လို့ ခေါင်းစဉ်ပေးထားတာပါ ......
သူ့ကိုလဲ ငှက်ကလေးလို့ပဲ ရင်ထဲက မြတ်မြတ်နိုးနိုးခေါ်မိတာမို့
တခြားနာမ်စားလဲ မသုံးချင်တော့လို့ပါ ...... အဲဒါကြောင့်
အမရည်ဝေကို ခေါင်းစဉ်တူနေတဲ့အတွက် ခွင့်တောင်းပြီးမှ
ဒီကဗျာလေးကို ရေးဖြစ်ပါတယ် ................. အဲဒါလေးလဲ
ပြောပြချင်တာပါ ...... အားလုံးပဲ မိုးနတ်ရဲ့ ငှက်ကလေး သို့
ဆိုတဲ့ ပို့စ်လေးကို ဖတ်ပြီး တခုခုခံစားမိတယ်ဆိုရင်ဖြင့်
မိုးနတ် ရေးရကျိုးနပ်ပါပြီ ........................................... )
အားလုံးကို သတိရနေတဲ့
မိုးနတ်ကြယ်စင်
Thursday, September 26, 2013
Thursday, July 4, 2013
ကောင်းကင်ရဲ့ အဖော်
ည ......
လေပြေတွေ ဆော့ပြေး
အဖော်ဝေးတဲ့ ဒီလိုည .....
တိမ်ညိုတွေ အကွယ်ကနေ
တိုး တိုး ဖွ ဖွ .......
ရိုးတိုးရွတ ဖြစ်အောင်
ငါ့ စိတ်ကို လာလာ ကလိတယ်
အို .......
ရင်ခုန်လိုက်ရပါဘိ အမိရယ် ....
ကြည့်တယ် ...... သူလေ လူကို
ကလူသလိုလို မြူသလိုလို
ပြိုး ပြိုး ပြက် ပြက် ......
လိုးလိုးလက်လက် သူ့ရောင်စဉ်တန်းတွေက
ငါ့ ကိုယ်ပေါ်ကို ရွှန်းရွှန်းစက်စက် .....
လှရက်လေခြင်း လမင်းရယ် ......
ညခင်းဝယ် ဖြူလွလွ သူ့အဆင်း ......
ငါ ငြင်းလို့ မရအောင်
ဆွဲဆောင်နေလိုက်တဲ့ ဖြစ်ချင်း ......
မင်းအတွက်ဆိုရင် ကြယ်စင်တွေကို
အဖော်အဖြစ်နဲ့ ခူးဆွတ်ပေးချင်မိရဲ့ .......
သြော် ....... ငါ့မှာတော့
ပါဏာတိပါတာ ကံကိုတောင်
ကျူးလွန်ရဖို့ ၀န်မလေးမိဘူးကွဲ့ .......
သွဲ့ သွဲ့ နွဲ့ နွဲ့ ...... မင်းရဲ့အလင်း....
လူအလစ်မှာ ခိုးနမ်းချင်အောင်
ဖမ်း စား ကျီ စယ် လမင်းရယ် .....
ရှောင်ပြေးမယ် ဘယ်အခါ စိတ်မကူး
ရူးတဲ့ ဒီလူမှာ သေအံ့မူးမူး .....
ဝေဒနာဆူး စူးနေတဲ့ ဒီညအတွက်တော့
ရှိန်း ရှိန်း မြ မြ ........
ဝင်း ၀င်း ပ ပ ......
မင်းဟာ
ငါ့ကောင်းကင်မှာ သာတဲ့လ .......
လေပြေတွေ ဆော့ပြေး
အဖော်ဝေးတဲ့ ဒီလိုည .....
တိမ်ညိုတွေ အကွယ်ကနေ
တိုး တိုး ဖွ ဖွ .......
ရိုးတိုးရွတ ဖြစ်အောင်
ငါ့ စိတ်ကို လာလာ ကလိတယ်
အို .......
ရင်ခုန်လိုက်ရပါဘိ အမိရယ် ....
ကြည့်တယ် ...... သူလေ လူကို
ကလူသလိုလို မြူသလိုလို
ပြိုး ပြိုး ပြက် ပြက် ......
လိုးလိုးလက်လက် သူ့ရောင်စဉ်တန်းတွေက
ငါ့ ကိုယ်ပေါ်ကို ရွှန်းရွှန်းစက်စက် .....
လှရက်လေခြင်း လမင်းရယ် ......
ညခင်းဝယ် ဖြူလွလွ သူ့အဆင်း ......
ငါ ငြင်းလို့ မရအောင်
ဆွဲဆောင်နေလိုက်တဲ့ ဖြစ်ချင်း ......
မင်းအတွက်ဆိုရင် ကြယ်စင်တွေကို
အဖော်အဖြစ်နဲ့ ခူးဆွတ်ပေးချင်မိရဲ့ .......
သြော် ....... ငါ့မှာတော့
ပါဏာတိပါတာ ကံကိုတောင်
ကျူးလွန်ရဖို့ ၀န်မလေးမိဘူးကွဲ့ .......
သွဲ့ သွဲ့ နွဲ့ နွဲ့ ...... မင်းရဲ့အလင်း....
လူအလစ်မှာ ခိုးနမ်းချင်အောင်
ဖမ်း စား ကျီ စယ် လမင်းရယ် .....
ရှောင်ပြေးမယ် ဘယ်အခါ စိတ်မကူး
ရူးတဲ့ ဒီလူမှာ သေအံ့မူးမူး .....
ဝေဒနာဆူး စူးနေတဲ့ ဒီညအတွက်တော့
ရှိန်း ရှိန်း မြ မြ ........
ဝင်း ၀င်း ပ ပ ......
မင်းဟာ
ငါ့ကောင်းကင်မှာ သာတဲ့လ .......
Sunday, June 16, 2013
ဝဋ်
စမ်းရေလဲ စီးစေ
လမ်းတွေလဲ နီးစေ
ပန်းကြွေတဲ့ မှော်ရုံတောမှာသာ
နွမ်းနေတဲ့ လူတစ်ယောက်
မကြာခဏ ဆိုသလို
လမ်းပျောက်လို့ နေဆဲ
ဘယ်မှာလဲ .....
လူတွေ ကင်ပွန်းတပ်နေကြတဲ့
မြင့်မြတ်တဲ့ သစ္စာတရားတွေ .....
ဘယ်မှာလဲ ......
ကဗျာဆရာတွေ အသံကောင်းဟစ်နေကြတဲ့
ကြီးကျယ်ခမ်းနားတဲ့ မေတ္တာတရားတွေ .......
ကိုယ်ချင်းစာခြင်းတရား ဆိုတာကိုလဲ
တစ်ခါလောက်တော့ ငါတွေ့ဖူးချင်မိရဲ့ .....
အရာအားလုံးကပဲ ငါနဲ့ ဝေးနေတာလား ?
ငါကပဲ အရာအားလုံးနဲ့ ဝေးနေတာလား ?
များများမတွေးပဲ မျက်စိမှိတ်လိုက်ရင်ရော
ဒီည အိပ်လို့ ပျော်မှ ပျော်ပါ့မလား ?
ခါးတဲ့ဘ၀မှာ တမာလို
ချိုမလာနိုင်တာ သိရဲ့သားနဲ့
ဇွတ်တိုး မျှော်မိတဲ့ ငမိုက်သား
သြော် ..... ဒီဒုက္ခကရော
ကျွတ်မှ ကျွတ်ပါ့မလား ?
Monday, June 3, 2013
သခင်မြင်လှည့် ကြင်တော်မူ
မြင်လှည့်ပါ သခင်
ကြင်ခဲ့တာ ရာဇ၀င်မှာ
စာတင်လောက်တဲ့ အချစ်မျိုး .....
ဒါကို.... နှင်ရက်စရာ ထင်
သူမကြင် ဘယ်လိုပင်
တမင်ရှောင်ခွာ စိမ်းပေမဲ့လို့ .....
မြတ်နိုးမှာ အစဉ်
မငြိုငြင်ပါ ဟိုစဉ်အခါ
ရင် ခုန် စ ကတည်းက
သည်း ဦး သ ခင်မို့ ......
( ကဗျာရေးပြီးလို့ ခေါင်းစဉ်ဘာပေးရမလဲ စဉ်းစားနေတုန်းးးးး 5 သုခုမက လာတဲ့ ဇာတ်ကား
နံမည်လေး နှစ်သက်မိလို့ ယူပြီးပေးဖြစ်ပါတယ်....... ကဗျာလေးနဲ့ လိုက်ရဲ့ မဟုတ်လားရှင် :) )
Saturday, May 25, 2013
Light Of My Life
ယောကျာ်းပီသတဲ့ လူတစ်ယောက်ရဲ့
ချစ်စရာကောင်းတဲ့ အပြုအမူကို
ငါ့ ဘ၀မှာ ပထမဆုံး စပြီးမြင်ဖူးလိုက်တာပါပဲ ......
ဟန်ဆောင်မှုကင်းတဲ့ မင်းအပြုံးဟာ
ငါ့ရင်ဘတ်ထဲကို ငြိမ့်ငြိမ့်လေးနဲ့ စီးဆင်းသွားတယ် .....
ကြင်နာတတ်တဲ့ မင်းအကြည့်ကြောင့်
ငါဟာ အရင်ကထက်ပိုပြီး
သိမ်မွေ့နူးညံ့လာခဲ့ရသလို
ဖြူစင်ပွင့်လင်းတဲ့ မင်းပုံရိပ်တွေဟာလဲ
ငါ့ရဲ့ နှလုံးသားထဲမှာ နေရာယူခဲ့ပြီမို့
အခုဆို ...... ....... ........
ငါ မင်းကို မေ့ဖို့လို့
အတော့်ကို ခက်လို့နေပြီပေါ့ ......
ရှည်လျားတဲ့ ငါ့ရဲ့ စွဲလန်းမှုတွေကို
အဆုံးသတ်စေဖို့ တဦးတည်းသော
ကယ်တင်ရှင်ဟာ ငါမြတ်နိုးရတဲ့
မင်းလေးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ် ချစ်သူ .......
ပန်းတစ်ပွင့်ဟာ နေရောင်ခြည်ရဲ့
နွေးထွေးမှုကို ခံယူဖို့ ငံလင့်နေသလိုမျိုး ......
ငါကလဲ ငါချစ်တဲ့ မင်းရဲ့လက်တွေနဲ့
ငါ့ရဲ့ အနာဂတ်ကို ဖန်တီးနိုင်ဖို့
ငါ့ အသည်းတံခါးပေါက် မင်းအရောက်
လာခေါက်မဲ့နေ့ကို ရင်ခုန်စွာနဲ့
စောင့်မိနေလေရဲ့ ........
ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ရေ .......
နောင် အနာဂတ်များစွာထဲ
မင်းလက်ကိုဆွဲ အတူတူတွဲ
ဖြတ်သန်း ကျော်လွန်ပါရစေ .......
Friday, May 17, 2013
သမီးလေး တစ်နှစ်ပြည့် အမှတ်တရ
သမီးလေး .....
အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့
တယုတယရှိခဲ့ရတဲ့ သမီးလေး .....
ကိုးလ လွယ်ပြီး ဆယ်လ မဖွားခဲ့ရပေမဲ့
ကျွန်မလက်နဲ့ ကိုယ်တိုင် ထုဆစ်
ပြုစု ပျိုးထောင်လာခဲ့ရတဲ့ သမီးလေး ......
အလုပ်ခွင်မှာ ပင်ပန်းနွမ်းနယ်နေသမျှ
သမီးလေးမျက်နှာ မြင်ရတဲ့ခဏ
အမောအပန်းတွေပြေ စိတ်ဓါတ်တွေ
ကြည်လင်လန်းဆန်းလို့ အဓိပ္ပါယ်ရှိလိုက်တဲ့ဘဝ
ဖေးဖေးမမ နေ့နေ့ညညလဲ
သမီးလေးနဲ့ မခွဲနိုင်တော့ဘူးရယ် တကယ်
သမီးလေးရယ် .......
တခါတလေဆို ဖျားနာနေမလား ?
စကားလုံးတွေနဲ့ မလိုတမာ ထိုးနှက်သူတွေကြား
သမီးလေး အားငယ်နေမလား ?
အလုပ်တွေ မအားတဲ့ကြားက
မကြာခဏ ဆိုသလို သမီးလေးဆီပဲ
စိတ်က ရောက်နေမိတော့တယ်.........
တော်ပါသေးရဲ့ ......
သမီးလေးမှာ ကျွန်မ မရှိတဲ့အချိန်
ကူညီဖေးမ စောင့်ရှောက်ပေးမဲ့
စီနီယာ မောင်နှမတွေ ရှိနေလို့သာပဲ........
အင်းးး
ဘာလိုလိုနဲ့
“ နှလုံးသား ဒိုင်ယာရီ ” ဆိုတဲ့
ကျွန်မရဲ့ ရင်နှစ်သည်းချာ
သမီး အချောအလှလေးတောင်
ဒီနေ့ ( ၁၇.၅.၂၀၁၃ ) မှာ
တစ်နှစ်ပြည့်ခဲ့ပြီပဲ........
ချစ်လိုက်ရတာ သမီးလေးရယ်....
ကျွန်မ ရင်နဲ့အမျှပါပဲ .........
( မိုးနတ်ရဲ့အိမ်လေးတစ်နှစ်ပြည့် အမှတ်တရပို့စ်လေးပါ.........
မှတ်မှတ်ရရလေး ဖြစ်သွားအောင် ပို့စ်လေးတစ်ပုဒ်
သေချာရေးချင်နေခဲ့တာကြာပြီ...ဟိုတလောကမှ စိတ်ကူးရလို့ ထရေးဖြစ်တာ...ဘလော့လေးကလဲ တစ်နှစ်ပြည့်ခါနီးဆိုတော့
အတော်ပဲပေါ့......ခု တစ်နှစ်ပြည့်လေးမှာ မိုးနတ်ပြောချင်တာက
ဘလော့ဂါ မောင်နှမတွေအားလုံးကို ပိုချစ်သွားတယ်.....
ပိုလေးစားမိသွားတယ်.... နောက်ပြီး ပိုပြီးလဲ အားကိုးမိလာတယ်.....
ခင်တွယ်လာတယ်ဆိုရင်လဲ မမှားဘူးပေါ့ ..............
အမြဲမှတ်မှတ်ရရရှိနေခဲ့တာက မိုးနတ်ဘလော့လေး
စပြီးဖွင့်ကာစက မိုးနတ်ကို ဘယ်သူမှ မသိကြသေးတဲ့ အချိန်
တကူးတကနဲ့လာပြီး ဖတ်ပေးခဲ့တဲ့ မိုးနတ်ရဲ့ စီပုံးမှာ
အရင်ဆုံးလာရေးပေးခဲ့တဲ့ မိုးညွှတ်ခ အရှင် , နောက်ပြီး မိုးနတ်
အပေါ်မှာသိပ်ကောင်းတဲ့ ချစ်ကိုကြီး အကိုလွင်ပြင်
( အကိုလွင်ပြင်ရဲ့ ပထမဆုံးကွန်မန့်လေးက မိုးနတ်ကို
အားတွေအများကြီး ဖြစ်စေခဲ့သလို ဆက်ရေးဖို့လဲ
တိုက်တွန်းပေးခဲ့သလိုပါပဲ ....... အဲ့ဒိအတွက်
မိုးညွှတ်ခအရှင် နဲ့ အကိုလွင်ပြင် (လွင်ပြင်လှိုင်းငယ်) တို့ကိုလဲ
ဒီပို့စ်လေးကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း
ပြောပါရစေ..... ရှေ့ဆက်ပြီးတော့လဲ မိုးနတ် ကဗျာတွေစာတွေ
ဆက်ရေးသွားမှာပါ....... ဘယ်လိုအကြောင်းမျိုးနဲ့မှလဲ
အိမ်လေးကို ပစ်မထားတော့ပါဘူးလို့ ကတိပေးပါတယ်.....
( ကြားလိုက်တယ်နော်...... စီနီယာတွေ ဂျုနီယာတွေ .......
ကတိပျက်ရင်တော့ မိမိုးနတ်ကို အပြစ်ပေးဖို့သာ
စဉ်းစားထားကြပေတော့ ဟီးးးးးးးးးးးးးး
ကိုယ့်စကားနဲ့ကိုယ် ဒုက္ခလှလှကြီးတွေ့တော့မှာ
မြင်ယောင်သေးးးးးးးးးးး )
ကောင်းသောညချမ်းလေးပါရှင် :)
အားလုံးပဲ GoOd NiGhT !!!
Thursday, May 9, 2013
ကြိုး
သံယောဇဉ် ကြိုး
ရင်ကို စိုးဆဲ
အနေကွာ ဝေးလဲ
သတိရ နေမြဲ
တမ်းတ နေလျက်
လွမ်းရ အနေခက်
မှန်းဆ ( ရှာ ) ဖွေရက်
သြော်.......
ဆွေးရလေ တသက်.......
Saturday, April 6, 2013
အပယ်ခံ
ပိတောက် တစ်ဖက်
စိန်ပန်း တစ်ဖက်ရယ်နဲ့
ပန်းတော်ဆက်ရန်
မလေး ခင့်ဆီ ကိုယ်ရောက်ခဲ့တယ်
သြော် မျက်နှာငယ်ငယ်
သူ့မှာလေ စိန်ပန်းရယ်မို့
ပိတောက်နဲ့ ပြိုင်
ဘယ်အခါ မနိုင်ခဲ့ပေမဲ့
အကြင်နာ ညွှတ်တိမ်း
မစိမ်းနဲ့ ခင်ရေ
ယိမ်းနွဲ့ကာ ခင့်သဘောထား
စိန်ပန်းအပေါ်များ
တိမ်းညွှတ်လေမလား
ကိုယ့် ဆုတောင်းက
မပြည့်ခဲ့ပါဘူး
စိမ်းရက်သူ ခင်ရေ
စိတ်ကြိုက်သာ ပြုစေတော့ကွယ်
စိန်ပန်းကို ပစ်ပယ်
ပိတောက်ကို ရွေးချယ်
သူ့ကေသာဦးဝယ်
ကြည်ဖြူစွာ ဆင်မြန်းလိုက်တယ်
တစ်နှစ်မှာ တစ်ခါသာ
ပွင့်တဲ့ ပန်းမို့တဲ့ကွယ်
Tuesday, March 26, 2013
အမွေ
ရဲရင့်ခြင်း လှံကိုကိုင်စွဲ
တိုက်ပွဲဆီ ရဲရဲ ငါချီတက်ခဲ့တယ်
နောက်မဆုတ်ဘူး အမေ့သားငယ်
ဘယ်သူ့ ၀မ်းကြာတိုက်က
မွေးဖွားခဲ့တာမို့လဲကွယ်
ဘာမထီ လာနီတဲ့ စစ်သွေး
အဲဒါ အဖိုးပေးခဲ့တဲ့
အမွေတဲ့လေး
(
နက်ဖြန်၂၇.၃.၂၀၁၃မှာ ကျရောက်မဲ့
တပ်မတော်နေ့အတွက် အမှတ်တရဂုဏ်ပြုကဗျာလေးပါ....
တကယ်ဆိုမိုးနတ် ကဗျာအသစ်တွေတင်ဖို့ ပျက်ကွက်ခဲ့တာ
ကြာပေါ့....
၂၁ ရက်နေ့ ကမ္ဘာ့ကဗျာများနေ့တုန်းကလဲ အမှတ်တရ
တင်မယ်ဆိုပြီး မတင်လိုက်ရဘူးးးးးးးး မိုးနတ် အလုပ်တွေအရမ်းရှုပ်ပြီး
လူကလဲ တော်တော်ပင်ပန်းနေတယ်.....နောက်ပြီး
ဇက်ကြောကလဲ အရင်ထက်ပိုပြီး ပြန်တက်လာလို့ အာရုံကြောဆေး
ပြန်သောက်နေရသလို ဆေးတွေလဲ လိမ်းနေရတယ်....
အဲလို အခြေအနေတွေကြောင့် မိုးနတ် အသစ်တွေ
တင်ချင်ပါရက်နဲ့ မတင်ဖြစ်ရတာကို နားလည်ပေးကြလိမ့်မယ်လို့
ထင်ပါတယ်.....အစကတော့ မိုးနတ် စိတ်ပျက်ပျက်နဲ့ ဘလော့လေးကို
ဒီအတိုင်းပဲပစ်ထားလိုက်တော့မလို့..... တကယ်ကို အဲလိုကြီးကို
စဉ်းစားမိတော့တာ.....ဘာကြောင့်ဆို ဇက်ကြောအရမ်းတက်ပြီး
ခေါင်းမူးတဲ့ဒဏ်ကို မိုးနတ်မခံနိုင်ဘူးးးးးးး တကယ်က
ကွန်ပြူတာသုံးတဲ့ တခြားဘယ်သူမှလဲ ခံနိုင်မယ်မထင်ပါဘူးးးးးးး
အတော်ဆိုးတဲ့ အညောင်းထိုင်ခြင်းရဲ့ နောက်ဆက်တွဲ
အကျိုးဆက်ကိုးးးးးးးးး ဒါပေမဲ့လဲလေ ဒီလောက် အိမ်လေးကို
ခင်တွယ်တဲ့သူက ကျန်းမာရေးကြောင့် အလွယ်တကူ
နောက်ဆုတ်မယ်ဆိုတာ ဟုတ်တော့မဟုတ်သေးဘူးပေါ့လေ....
အရမ်းခင်တွယ်လွန်းလို့ တနေ့တနေ့လိုင်းပေါ်ရောက်ရင်
ဖဘတို့ ဂျီတော့ ဂျီးမေးတို့သာ မဖွင့်ရင်နေမယ်......
အိမ်လေးကိုတော့ နေ့တိုင်းဝင်စစ်ပြီး တတ်နိုင်သရွေ့အိမ်လည်လဲ
မပျက်ကွက်အောင် ဂရုတစိုက်ရှိနေမိတာက သက်သေဖြစ်နေသလိုပဲ...
(အသားလွတ်ဝင်ကြွားတယ် မထင်စေချင်ပါဘူး
မိုးနတ်ရင်ထဲက တကယ့်စေတနာပါ) ....
လူတိုင်းလူတိုင်းဟာ ကိုယ်ဘာလေးပဲ ရေးရေး .....
ကိုယ်ရေးထားတာလေးကို တစ်ယောက်မဟုတ် တစ်ယောက်က
ချီးမွမ်းစကားဆိုတာကိုတော့ ခံချင်ကြမှာပဲ....နောက်ဆုံး ချီးမွမ်းစကား
မဟုတ်ရင်တောင် သာမန်ကာလျှံကာလေးပဲ ကောင်းတယ်လို့
ပြောပြော သဘောကျနှစ်ခြိုက်နေမိကြမှာ အသေအချာပါ...
အဲ့ဒါကြောင့်လဲ ချန်ခဲ့တဲ့ ကွန်မန့်လေးတွေကို တခြားဘယ်အရာနဲ့မှ
မလဲနိုင်အောင် တန်ဖိုးထားကြတာနေမှာ...တခြားသူတွေ
အတွက်တော့ မသိဘူးရှင်.....မိုးနတ်အတွက်တော့
အဲလောက်တောင် တန်ဖိုးကြီးမြင့်လွန်းတယ်......ဒီလိုပြောလို့
လိမ်လည်ဟန်ဆောင်ပြီး မကောင်းလဲ ကောင်းတယ်ပြော
မကြိုက်လဲ ကြိုက်တယ် ပြောရမယ် မဆိုလိုပါဘူးးးးးးး
မိုးနတ်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ဝေဖန်ပေးကြပါ...
ပြုပြင်ပေးကြပါ.....သင်ပြပေးကြပါ....မိုးနတ်အားလုံးကို
လေးစားစွာနဲ့ လက်ခံနာယူပေးမှာပါ....အဲလို သင်ပြပေး ဝေဖန်ပေးမှ
မိုးနတ်တို့လို အသစ်တွေက တိုးတက်လာအရည်အချင်းရှိလာမှာပေါ့.....
အဲ့ဒါနဲ့ အကောင်းဆုံးဖြစ်မယ်ထင်တာကို စဉ်းစားပြီး ခုလက်တွေ့
အကောင်အထည်ဖော်ကြည့်မလို့........မိုးနတ်နောက်ဆို
တစ်ပတ်တခါလောက် ကဗျာအသစ်တွေ တင်ပေးပါ့မယ်......
တစ်ပတ်တခါလောက် ကဗျာအသစ်တွေ တင်ပေးပါ့မယ်......
ဒါပေမဲ့ ဘယ်မောင်နှမတွေဆီကိုမှတော့ အိမ်လည်
မလာနိုင်သေးဘူးပေါ့နော်....အကြောင်းက ဆရာဝန်က မိုးနတ်ကို
တတ်နိုင်သရွေ့ပေါ့....ဖြစ်နိုင်ရင် တလလောက်ကို ဆက်တိုက်
ကွန်ပြူတာ မသုံးပဲ နားနေစေချင်တာ......အဲဒါကို မိုးနတ်က
ချိုးဖောက်ပြီး တပတ်တခါလောက် အသစ်တင်ပေးကြည့်မလို့ ....
တကယ်က ပို့တွေကို အစဉ်အတိုင်း တပတ်တခါ သူ့ဘာသာသူ
တင်သွားဖို့ စီစဉ်ထားလို့ရပါတယ်....ဒါပေမဲ့ ....ပို့စ်အသစ်တင်တာကို
အကြောင်းပြုပြီး မိုးနတ် အိမ်လေးကို ကိုယ့်ဘာသာ ကိုယ်လာပြီး
အရိပ်ကြည့်လို့ရတာပေါ့......မိုးနတ်က သူ့ကို သိပ်ချစ်တာလေ...
အပျောက်မခံနိုင်အောင် ချစ်မိပေမဲ့ ကျန်းမာရေးက
ရှိသေးတယ်လေကွယ်........နဲနဲတော့ စိတ်လျှော့မှပဲ
ရေရှည်အတွက် အဆင်ပြေနိုင်မယ် :PPPPPPPPPPP
အာ့ကြောင့် မိုးနတ် ထပ်ပြီးတောင်းပန်ချင်တာက မိုးနတ်
အိမ်လည်တွေ ပြန်လာနိုင်မှ အားလုံးရဲ့ စာကြွေးတွေကို
လာဆပ်ပါ့မယ်......အားလုံးကိုလဲ မတွေ့ရပေမဲ့
အမြဲသတိတရရှိနေပါတယ် ဆိုတဲ့အကြောင်း
သတင်းကောင်းပါးရင်းးးးးးးးးးးးးးးးးးးးးးးး
ဒီခဏ အတွက်တော့ နှမ လက်လျှော့လို့ နေရင်း
ဒီညအတွက် အားလုံးကို GoOd NiGhT ပါ :P
See U Next Weekkkkkk
Arr Bwarrrrrrrrrr :)
Saturday, March 9, 2013
နတ်သမီးနဲ့ ချစ်တဲ့ည
ဒီည
ကြယ်စင်တွေ ကြွေဆင်းတဲ့ သကာလ
ခြေသံဖွဖွ ကြားလို့ လှည့်ကြည့်မိတယ်
ဟော.........ကျုပ်အနားကို
သူမ ရောက်နေပါရောလားကွယ်
ဒီည
ဇဗ္မူတစ်ခွင်မှာ ရှုမငြီးတဲ့
ကျုပ်ရဲ့ နတ်သမီး
သူလာကျွေးတဲ့ ချိုမြတဲ့ အချစ်သီး
အား...........ကျုပ်နှုတ်ခမ်းဖျားမှာ
အဆိပ်တက်သွားလောက်အောင်
ချိုမြိန်လွန်းလှချည်လားကွယ်
Friday, March 1, 2013
သူ စေညွှန်ရာစေ
မင်း ရဲ့
သေ ဆို သေ
ရှင် ဆို ရှင်
အမိန့် တစ်ခုထဲနဲ့တင်
ငါက
ကျေနပ် နေတတ်ခဲ့သူ
မင်း ထားရာနေ
မင်း စေရာသွား
မင်း စိတ်အလိုကျ
ငါက
လှုပ်ရှား ပျော်ဝင်တတ်ခဲ့သူ
မင်း ပြုံးရင်ပျော်
မင်း ငိုရင်ဝမ်းနဲ
မင်း စိတ်အစဉ်ကို အရိပ်လိုမလွဲ
ခံစားချက်တို့ ထပ်တူကျမြဲ
နောက်ဆုံး ထွက်သက်အထိလဲ
ငါက
(အဆိုးအကောင်းမှန်သမျှ)
မျှဝေ ခံစားချင်ခဲ့တဲ့သူ
တကယ်ဆို ငါက
မင်း အမိန့်တော်တစ်ခုထဲ
နာခံ သက်ဆင်း
မင်း ခြေရင်းမှာ
ကျေးကျွန်တစ်ယောက်လို
ထာဝရ ခစားချင်ခဲ့တဲ့သူပါ
(ဆရာမလွန်းထားထားရဲ့ ၀တ္ထုခေါင်းစဉ်လေး နှစ်သက်မိလို့ ၊ တိုက်ဆိုင်သွားလို့ ထပ်တူပေးဖြစ်ပါတယ်.......နောက်ပြီး ဒီကဗျာလေးကလဲ ဆရာမ၀တ္ထုကို ပြန်ရိုက်ထားတဲ့
ဇာတ်ကားလေးကိုကြည့်ပြီး ခံစားမိတာလေးကို ကဗျာရေးထားတာမို့ မိုးနတ်မလွန်ဘူးထင်ပါရဲ့..
ဇာတ်ကားလေးကလဲ ကောင်းတယ်......အဲ့ဇာတ်ကားမှာ နောက်ခံသုံးထားတဲ့ သီချင်းလေးကလဲ
တိုက်ဆိုင်မှုရှိပြီး ဇာတ်ကားကို ပိုလို့အသက်ဝင်စေတယ်... “အမိန့်” တဲ့.........
အားလုံးပဲသိကြမှာပါ....မိုးနတ်တို့ ခပ်ငယ်ငယ်က ကိုဇော်ပိုင်ရဲ့ ပထမဆုံး ထွက်တဲ့ခွေထဲမှာပါပါတယ်...
ဟိုးငယ်ငယ်တုန်းကတော့ ဖေကြီးတို့ခေတ်မှာ ဦးကျော်(ကျော်ဟိန်း)
ဆိုတဲ့ သီချင်းပါ.....သူ့သီချင်းပေါ့...အိမ်မှာတော့ ဖေကြီးဖွင့်လို့ မိုးနတ်ငယ်ငယ်ကတည်းက နားထောင်ရပါတယ်........ခု ကြီးမှ ပြန်နားထောင်တော့ သိပ်ကောင်းတာပဲလို့ ခံစားရတယ်......
အထူးသဖြင့် မိုးနတ်တို့လို ရင်ဘတ်ထဲက စာလုံးတွေကို ချပြီးစီနေတဲ့သူတွေအတွက်ပေါ့.....
အစကတော့ အဲ့သီချင်းလေးပါတင်ပေးမလို့ပါ......တော်တော်ဆိုးဆိုးးးးးးးးးးးးးး
လိုင်းတွေက ဘယ်လိုမှကိုမကောင်းလို့ လက်လျှော့လိုက်ရတယ်.......အဲလို အဲလို :(((
Thursday, February 21, 2013
မျှော်လင့်ဆဲ မျှော်နေလျက် မျှော်လင့်ရင်းရူး
နွေ မိုး ဆောင်းတွေ
ဘယ်လောက် ပြောင်းပြောင်း
ကိုယ့်မှာတော့ သံယောဇဉ်တွေ
မဟောင်းသေးဘူး ခင်
ယိုယွင်းလုဆဲဆဲ
တဲတဲလေး ကျန်နေသေးတဲ့
နှလုံးသားသည်သာ
ရက် လ နှစ်တို့ တိုက်စားရာ
သက်သေတွေ ပမာ
အခါတရာမက ကိုယ်
မျှော်လင့်မိခဲ့ဖူးတယ်......
အခါခါ တသသ
စိတ်ကူးနဲ့လဲ ကိုယ့်မှာ
ရူးခဲ့ဖူးတယ်......
ဒိထက်ပိုပြီး မထူးခဲ့ဖူးတဲ့
ဇာတ်လမ်းတစ်ပုဒ်မှာ
အရိုးစွဲနေတဲ့ မင်းရဲ့အမြင်
အရိုင်းအစိုင်းလို့ပဲ ထင်ချင်ထင်
ကိုယ်ကတော့ အမုန်းခံ
လူကြမ်းတစ်ယောက် အဖြစ်မျှသာ.....
ဘ၀ဟာ ရေပွက်ပမာ
ခဏတာလို့ လူတွေပြောလေ့ရှိကြတယ်....
ကိုယ့်အတွက်တော့ ဒီစကားဟာ
ပြောင်းပြန်များ ဖြစ်နေသလားဟင်......
ခင် မကြင်နာလေတဲ့
အစိမ်းသက်သက် ကာလတစ်လျှောက်မှာ
ကိုယ့်ဘ၀ဟာ နွေနေပမာ ပူပြင်းလို့
လူသူကင်းမဲ့တဲ့ သုသာန်တစပြင်လို
သွေ့ခြောက်လို့သာ နေခဲ့ရတယ်......
ခင်ရယ် ......
ခက်ပဲ ခက်ရချည်ရဲ့ကွယ်......
ကိုယ့်မှာတော့ .......
သမုဒယ သစ္စာ
သံယောဇဉ် မေတ္တာများနှင့်
ယုယချစ်ကာ ပိုက်ထွေးလို့ထားချင်
သြော် ....တဖက်သတ် အဖြစ်ဟာ
သေရာပါမဲ့ အချစ်ပါလား ခင် .......
Saturday, February 16, 2013
မမရိုးမြေကျအတွက် အမှတ်တရ မွေးနေ့ကဗျာ ( ၁၈.၂.၂၀၁၃ )
ချစ်သော ရိုးမြေလေး
ဟိုးတစ်မြေ မုံရွာဘက်ပိုင်းဆီက
အွန်လိုင်း ဆိုတဲ့
လူမှု အသိုင်းအ၀ိုင်းလေးထဲမှာ
ခင်မင်ခဲ့ရတဲ့သူ
ဖြူဖြူစင်စင် သူ့မနောတွေလှ
လူသူခင်ချင်စရာ တကယ်ပေါပါလို့
စိတ်သဘောလဲ ကောင်းတဲ့သူ
အများနဲ့ မတူ
အနော် အနော်နဲ့
ပြောတတ်တဲ့ သူ့ဟန်ပန်လေးက
ကိုယ်ရင်မှာ အမြတ်နိုးဆုံးရယ်မို့
အို..........
တကယ်ပါ မုံရွာသူလေးရယ်
မင်း နဲ့ ကိုယ် စာပေအကြောင်း
တစေ့တစောင်း အသိအမြင်တွေလဲ
ဖလှယ်ချင်သေးတယ်
တခါတခါ မင်းသိပ်နှစ်သက်တဲ့
ဆရာမဂျုး စာအုပ်တွေ အကြောင်းလဲ
အပြန်အလှန် ဆွေးနွေးကြအုံးမယ်
အခွင့်အရေးရလို့
မင်း နဲ့ ကိုယ် အပြင်မှာ
လူချင်းများ ဆုံခွင့်ရခဲ့ရင်လေ
တအူထုံဆင်း ညီအစ်မအရင်းတွေလို
ခင်မင်ရင်းနှီးစွာ ထွေးပွေ့ခွင့်လေးလဲ
ကိုယ့်ကို ပေးကွယ်
ချစ်တဲ့ မိုးနတ်
( မမရိုးမြေကျအတွက် မွေးနေ့အမှတ်တရ
ကဗျာလေးပါ....
ကဗျာထဲမှာ ဆုတောင်းလေးမပါသေးလို့ ခု ချစ်မ အတွက် ညလေးဆုတောင်းပေးလိုက်တယ်.......ယခုမွေးနေ့မှသည်
နောင်မွေးနေ့ပေါင်း များစွာတိုင်အောင် စိတ်ချမ်းသာ
နောင်မွေးနေ့ပေါင်း များစွာတိုင်အောင် စိတ်ချမ်းသာ
ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေပြည့်ဝပါစေလို့ ...............)
Friday, February 8, 2013
မမလရိပ်အတွက် မွေးနေ့အမှတ်တရ ကဗျာ
အပေါ်ယံ ဟန်ဆောင် ပကာသန
ဂုဏ်ပြိုင်တာတွေ ခ၀ါချ
ဖြူစင်လှတဲ့ မိန်းကလေးရေ
ကြင်ကြင်နာနာ ပျုငှာသေး
ခင်ချင်စရာ ရူပါလေး
ဖော်ရွေလွန်းတဲ့ အပြုံးလေးတွေ
ဖေဖော်ဝါရီ ဒီနေ့လေး ( ၁၂.၂.၂၀၁၃ )
ပျော်ရွှင်ပါစေ သူကလေး
ကြယ်စင်လေးက ဆုတောင်းပေးနေ
ချိုသာအမူအရာ ပုံရိပ်လေး
မြင်သူတကာ ရင်ကိုအေး
တကယ်ယဉ်ကျေးတဲ့ လရိပ်မေ
( မမလရိပ်အတွက် အမှတ်တရ မွေးနေ့ကဗျာလေးပါ......အစကတော့ နီးမှပဲ တင်ပေးမလို့ပါ....
ဒါပေမဲ့ ဗယ်လင်တိုင်းဒေးအတွက် ကဗျာတစ်ပုဒ်တင်စရာရှိလို့ စောတင်ပေးလိုက်တာပါ...:)
မမ နှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်ရှင်....ဟက်ပီဘတ်ဒေး ချစ်မ အာဘွားးးးးးးးးးး )
Saturday, February 2, 2013
ကြိုးကြာသို့ အလွမ်း
ကြိုးကြာသို့ အလွမ်း
အလွမ်း (၁)
မင်းကို သတိရမိတယ် ကြိုးကြာ.......
ကိုယ် မင်းကို သတိရမိတယ်.....
ငှက်ငွေပြာတွေ ရေဇလာပေါ်မှာ
တောင်ပံခတ်သံကြားတိုင်း......
လှုပ်ခတ်လာတဲ့ ရင်တွင်းဝေဒနာဟာ
ရင့်မှည့်သထက် ရင့်မှည့်လို့.....
ဟိုအဝေး မိုးကောင်းကင်ထက်မှာ
ကြိုးကြာငှက်တွေ ပျံသန်းသွားတိုင်းလဲ
ကြိုးကြာများ ကိုယ့်ဆီပြန်လာမလားလို့
ကိုယ်တိတ်တိတ်လေး မျှော်လင့်နေမိသေးတယ်.....
ဘာကြောင့်လဲ.......
ကိုယ်စီ ကိုယ်စီ
နှလုံးသားက ဆန္ဒတွေ ပွင့်အာ
တားမြစ်လို့ မရစကောင်းတဲ့
အချစ် ဆိုတဲ့ အရာ
ကိုယ်တို့ကြားမှာ လှပစွာ
ပေါက်ဖွားခဲ့ပြီးမှ......
ကြိုးကြာ တစ်ကောင်လို
ကိုယ်နဲ့ အဝေးကြီးကို
မင်းမို့ ထွက်သွားရက်တယ်......
တောင်းပန်ပါတယ် ကြိုးကြာရယ်......
အလွမ်း ဆိုတဲ့ ဘာသာဗေဒကို
စာနာ နားလည်တတ်အောင်
ကိုယ်နဲ့အတူ မျှဝေခံစားကြည့်လှည့်ပါ......
နောက်ဆို ကိုယ့်ကို အဲလို
ဘာမပြော ညာမပြော
မထားခဲ့ပါနဲ့ ကြိုးကြာ.......
တိုးလာတဲ့ ဝေဒနာဟာ
အလွမ်းများနဲ့ ညစဉ်ခါးသက်
ပြဿဒါး ရက်မှာမှ
ညတွေ တအားနက်
ဖြေသာစရာ ဆေးကမရှိဘူး.......
ဟူးးးးးး ရင်မောရပါဘိ ကြိုးကြာရယ်......
အလွမ်း (၂)
ငါတို့အိမ်ရှေ့က စံပယ်ပန်းရုံလေးထက်မှာ
နင်သိပ်ချစ်တဲ့ စံပယ်ပန်းဖြူဖြူလေးတွေ
မဝေတော့ဘူး ကြိုးကြာ.......
နင်မြတ်နိုးတတ်တဲ့ တောင်ဇလပ်နီနီလေးတွေလဲ
နင့်ကို လွမ်းလို့ ငိုနေကြတယ်.......
တခါက လှပတဲ့
တောင်ပေါ်လမ်းလေးလဲ
ရွက်ကြွေတောထဲမှာ
လွမ်းဆွေးခြင်းတွေနဲ့ ခြောက်သွေ့လို့.....
နွေရဲ့ နောက်ဆုံးနေ့ရက်တွေအထိ
အထီးကျန်လွန်းစွာ အသက်မဲ့နေခဲ့တယ်.....
ငါ ....... ငါလဲ
မိုးနဲ့ အတူ
နင်ပြန်လာမဲ့ ရက်တို့ကို
လက်ချိုးလို့ ရေတွက်ရင်း
စောင့်လို့နေမိတယ်......
သိပ်ချစ်ရတဲ့ ငှက်ငွေပြာငယ်
မျှော်နေတဲ့ ငါ့ဆီကို
ပြန်လာခဲ့ပါတော့လား ကြိုးကြာရယ်.......
Subscribe to:
Posts (Atom)