Saturday, June 9, 2012

မျှော်လင့်ခြင်းလေး.....

ငါလေ မင်းရဲ့အပြုံးကို
စတွေ့ကတည်းက.......
ကဗျာတွေ ရေးတတ်ခဲ့တာ...
နွေးထွေးတဲ့ မင်းရဲ့အကြည့်တွေကလဲ
ငါ့အတွက် အင်အားတွေဖြစ်စေခဲ့လို့....
ဘာကိုမှ ဂရုမစိုက်
အရွဲ့တိုက်တတ်တဲ့ ငါတောင်
မင်းကြောင့် လောကကြီးနဲ့....
အဆင်ပြေအောင် နေတတ်လာပြီပဲ....
ကျေနပ်ပါတယ် ချစ်သူ.......
ကံကြမ္မာကြောင့် ငါတို့တွေ
တခဏတာပဲ  ဆုံတွေ့ခွင့်
ရခဲ့ကြပေမဲ့လို့................
ငါ့ရဲ့ တဘ၀တာလုံးကို
အဓိပ္ပါယ်ရှိစွာ ရပ်တည်သွားနိုင်ဖို့
မင်းက ခွန်အားတွေပေးခဲ့တာ......
လမ်းပျောက်နေတဲ့ ငါ့ရဲ့ဘ၀မှာ
မင်းဟာ ကန္တာရအလယ်က
လမ်းပြကြယ် တစ်ပွင့်လိုပါပဲ.....
အဲဒိညက ပြတင်းပေါက်မှန်မှာ
ပေါ်နေတဲ့ မင်းရဲ့မျက်နှာကို
တစ်ညလုံး ထိုင်ကြည့်ရင်း
ငုတ်တုတ်မေ့ခဲ့တာ........
အဲဒိနေ့ကစလို့ မင်းပြန်အလာကို
မျှော်ကြည့်တတ်တဲ့ အကျင့်ဖြစ်ခဲ့တာ.....
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့
မင်းရဲ့မျက်နှာကို ငါဒီတသက်.....
ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး ချစ်သူ.....
အဲဒိလိုပဲ ငါတို့တွေ ပြန်ဆုံနိုင်ဖို့ကိုလဲ
မျှော်လင့်ဆုတောင်းရင်းနဲ့
သတိရခြင်းတွေနဲ့ အတူ
ငါမင်းကိုစောင့်လို့နေပါ့မယ် ချစ်သူ..................

တိုးတိတ်တမ်းတ..

ချစ်သူ....
သတိရမိမှာစိုးလို့ မေ့ပစ်ဖို့...
ကြိုးစားမိကာမှပဲ မင်းကိုသတိရစေမဲ့..
အကြောင်းအရာတွေက တိုက်ဆိုင်စွာနဲ့
ငါ့ရဲ့ရှေ့မှာ ဖြစ်ဖြစ်လာတယ်......
ဘာကြောင့်လဲကွယ်......
မင်းရှေ့မှာဆို အမြဲအေးစက်
မာကျောခဲ့တဲ့ငါက မင်းကွယ်ရာကျမှ
တိတ်တိတ်လေး လွမ်းနေတတ်တာ.....
ငါ့ရဲ့အတွေးတွေထဲကို မကြာခဏ
ဝင်လာတတ်တဲ့ မင်းဟာ..ငါ့ရဲ့
အိပ်မက်တွေကိုလဲ အမြဲစိုးမိုးထားတာ...
ငါရေးခဲ့ဖူးတဲ့ ကဗျာတွေတိုင်းဟာလဲ
မင်းအတွက်ပဲ ဖြစ်နေခဲ့ရတာ.....
အဲဒါတွေအားလုံးဟာ ဘာကြောင့်လဲကွယ်....
ဘာကြောင့်လဲဆိုတာ သိနေရက်နဲ့
ငါက  မသိချင်ယောင်ဆောင်ခဲ့မိတယ်..
ငါတို့နှစ်ယောက်စလုံးရဲ့ အချစ်တွေကိုလဲ
ငါ့ရဲ့ မာနနဲ့ သိက္ခာအတွက်
ဥပေက္ခာပြုခဲ့မိတယ်ဆိုရင်.......
ခေါင်းမာပြီး လက်တွေ့ဆန်တဲ့ .....
မိန်းမတယောက်ကို ချစ်ခဲ့မိတဲ့အတွက်
မင်းက နောင်တတွေရနေတော့မှာလား.....
ချစ်သူ.......
ဒါပေမဲ့......ချစ်သူ.........
ငါရှုသွင်းလိုက်တဲ့ လေနဲ့အတူ
မင်းကိုမေ့တတ်တဲ့ စိတ်တွေပါလာပြီးတော့
ငါပြန်ထုတ်လိုက်တဲ့ လေနဲ့အတူ
မင်းကို သတိရတတ်တဲ့ စိတ်တွေ
အငွေ့ဖြစ်ပျောက်ကွယ်သွားရင်
ခုချိန်ဆို ဟိုအရင်လို
ငါမင်းကို လွမ်းနေဖို့
မလိုတော့ဘူးပေါ့.....

Friday, June 8, 2012

အရင်လို.....

အရင်လိုပါပဲ......
ထင်းရှုးတောရိပ်တွေနဲ့ ချယ်ရီပင်ညို့ညို့တွေကြား...
နင်ဖြတ်သွားနေကျ လမ်းကျဉ်းလေးတစ်လျှောက်
ရင်ခုန်စွာနဲ့ ငါနင့်ကို စောင့်နေခဲ့မိတယ် ။ 
ဒါကို နင်မသိလိုက်ဘူးမဟုတ်လား....။
အရင်လိုပါပဲ.......
နင်မြတ်နိုးတတ်တဲ့ လီလီပန်းလှလှတွေနဲ့
တောင်ပေါ်ပန်းသစ်ခွတွေကြား......
အလှဆုံးကိုမှ ရွေးပြီး နင့်အတွက်ရယ်လို့
ငါပြင်ဆင်ထုပ်ပိုးနေခဲ့မိတယ်.....။
ဒါကို နင်မသိလိုက်ဘူးမဟုတ်လား....။
အရင်လိုပါပဲ.......
အဆိပ်တက်နေတဲ့ တကိုယ်ရေအိပ်မက်တွေကြား...
ဖြေဆေးရမဲ့ရက် မျှော်လင့်နေခဲ့တဲ့ လူနာလို
မိုက်မဲစွာနဲ့ ငါဟာမျှော်လင့်နေခဲ့မိတယ်....။
ဒါကို နင်မသိလိုက်ဘူးမဟုတ်လား......။
အရင်လိုပါပဲ.....
နင်သောက်နေကျ ကျဆိမ့်တစ်ခွက်ကို
ငါတစ်ယောက်ထဲ ယောင်ချာချာနဲ့  မှာသောက်ရင်း...
အရင်လို နင်ကျဆိမ့် ကြိုက်မှကြိုက်သေးရဲ့လားလို့
ငါတွေးနေခဲ့မိတယ်......။
ဒါပေမဲ့ နင့်အကြိုက်တွေ ခုတော့........
ပြောင်းသွားပြီ မဟုတ်လား.......။
အရင်လိုပါပဲ.......
လေပြေအလာမှာ လွင့်မြောနေတတ်တဲ့
နင့်ဆံနွယ်နုနုလေးတွေကို ငေးကြည့်ရင်း
အဲဒိဆံနွယ်လေးတွေရဲ့ ရနံ့ ဘယ်တော့များမှ
နမ်းရှိုက်ခွင့်ရပါ့မလဲလို့ ငါစိတ်ကူးယဉ်နေခဲ့မိတယ်...။
ဒါကို နင်မသိလိုက်ဘူးမဟုတ်လား....။
အရင်လိုပါပဲ....
ငါနဲ့ပတ်သက်ရင် မခံစားတတ်ခဲ့တဲ့ နင့်နှလုံးသား...
ဘယ်တော့များမှ ပြဿဒါးရက်က လွတ်မြောက်
နိုင်ပါ့မလဲလို့ ငါတွေးနေခဲ့မိတယ်......။
ဒါပေမဲ့ အရင်လိုပါပဲ....
ဗီးနပ်ရဲ့ အရံဂြိုလ်လဲ အထီးကျန်စွာ
ခုချိန်ထိ  အဖော်မဲ့ နေတုန်းပါပဲ........။
ဒါကို......ဒါကိုလဲ.....
နင်မသိလိုက်ဘူးမဟုတ်လား.....။
နင်မသိလိုက်တာပဲကောင်းပါတယ် ချစ်သူရယ်..။
ငါလဲ......ငါလဲလေ....
လမ်းမရှိတဲ့ ကန္တာရထဲ.....
အလွမ်းငြိနေတဲ့  ဘယ်ဘက်ရင်အုံကို ထမ်းပိုးရင်း
အဆင်မပြေမှုတွေနဲ့ အဆင်ပြေနေခဲ့တာ...
ကြာလာတော့လဲ သက်ပြင်းချဖို့တောင်
မေ့မေ့သွားတယ်.....။
ဒါကိုလဲ နင်သိလိုက်မှာမဟုတ်ပါဘူးချစ်သူရယ်.....။

Friday, June 1, 2012

အချစ်ဆုံး သူငယ်ချင်း

တစ်ခါတုန်းက ဒီလိုပဲလေ....
ချယ်ရီပင်ကြီးရဲ့အောက်မှာ.....
အချစ်ဆုံးသူငယ်ချင်းလေးနဲ့ အတူ...
တမေ့ကြီးထိုင်ခဲ့ကြဖူးတာ.....
တစ်ခါတုန်းက ဒီလိုပဲပေါ့......
ချယ်ရီပင်ကြီးရဲ့အောက်မှာ....
အချစ်ဆုံးသူငယ်ချင်းလေးကို....
တစ်ယောက်ထဲ ထိုင်လွမ်းဖူးတာ....
အခုတော့လဲလေ.....
ဒီလိုလွမ်းတဲ့ အကြောင်း....
အချစ်ဆုံးသူငယ်ချင်းလေးကို.....
တမုန်းကြီးသိစေချင်လိုက်တာ.....

Wednesday, May 23, 2012

တွယ်တာရာမဲ့

သတိရတယ်ဟာ
လွမ်းတယ်ဆိုတာထက် 
ပိုပြီး နာနေတာ တစ်ခုရှိတယ် ။
အဲဒါ နင်ပြန်မလာတာ ခုထိပဲ ။
“သုတိ” သာယာတဲ့ နင့်အသံလေးကို
ကြားနိုင်ဖို့ အခွင့်အရေးက နဲပါးခဲ့ပေမဲ့
အသဲတစ်ခြမ်းမက ပုံပေးခဲ့တဲ့ ငါ့အချစ်တွေ
ဒီလိုနဲ့ပဲ မေ့ပစ်လိုက်ရတော့မလား ချစ်သူရေ ....
အပြစ်မယူပဲနဲ့ ချစ်ခဲ့တာတွေများသွားလို့လား..
ချစ်သူပေးတဲ့ အလွမ်းနက်နက် ဝေဒနာတစ်ခုသာ
ရင်မှာ နာကျင်ပြီး ကျန်နေခဲ့တာ
ဒါဟာ ကြာလာတော့လဲ ရင်ထဲမှာ
ဒဏ်ရာတစ်ခုတောင် ဖြစ်များဖြစ်နေပြီလားလို့
ငါဟာ မကြာခဏတွေးခဲ့မိတယ် ။
သိပ်ရက်စက်တဲ့   နင်....
နှိပ်စက်ခဲ့တဲ့ ငါ့နှလုံးသားဟာ
အခုဆို ငရဲပြည်မှာ အရှင်လတ်လတ်
နင်သာ မြင်တတ်ခဲ့မယ်ဆိုရင် 
မှီတွယ်ရာမဲ့နေတဲ့  ငါ့နှလုံးသားဟာ
နားခိုစရာတစ်ခုတော့ ရနိုင်ကောင်းပါရဲ့ ။
ဒါပေမဲ့ ခုထိနင်ပြန်မလာသေးဘူးကွယ် ။

အချစ်ဆုံး “မ”

ကြည်လင်စွာပြုံးနေတတ်တဲ့  “မ” မျက်ဝန်းတွေ 
ကျွန်တော့်အတွက်တော့ အနာဂတ်တစ်ခုလိုပါပဲလေ ။
ချိုသာတဲ့စကားတို့ကို  “မ” ကဆိုလာတဲ့အခါ
ကျွန်တော် “မ” ကိုဆက်ပြီး မငြင်းနိုင်တော့ပါ ။
ကျွန်တော်မျှော်လင့်စွာ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ 
လက်တွေ့မှာဖြစ်လာခဲ့ရင် ကောင်းမယ် “မ” ရေ....
အိပ်မက်ထဲမှာ “မ” နံမည်ကို ယောင်ခေါ်ရတာအမော
ဒါတွေကို စာနာတတ်စွာ “မ” ကသိပါတော့ ။

Sunday, May 20, 2012

ကောင်မလေး

ကောင်မလေး .......
ရင်ခုန်သံတွေ ရပ်လောက်အောင်ကို
လှတဲ့ ကောင်မလေး....
နှုတ်ခမ်းလေး နီထွေးထွေးနဲ့
ချစ်စရာကောင်းတဲ့ ကောင်မလေး.....
ငါ ညည အိပ်ရေးပျက်ရတာလဲ
နင့်ကြောင့်ပါပဲ ကောင်မလေး......
ကောင်မလေးရေ...
နင်မို့လို့ လမ်းလျှောက်သွားရင်
လူတွေအားလုံး ၀ိုင်းငေးကြတယ် ။
လှလွန်းတဲ့ နတ်မိမယ်ရယ်....
ရင်ခုန်သံမြန်နေလို့  ရူးရတော့မယ် ။
အရမ်းကြီး အလှမပြင်ပါနဲ့ ။ (နောက်ပြီး)
အရမ်းကြီးလဲ မလှချင်ပါနဲ့ ။
နတ်သမီးလေး...
နင် ငါကလွဲပြီး ဘယ်သူ့ကိုမှ
မချစ်လိုက်ပါနဲ့ ။

အကြင်နာဦး

မတွေ့ရတာ ကြာတော့လဲ
တခါတလေ တွေ့မိရင်...
လွမ်းလွမ်းဆွေးဆွေး ငေးကြည့်ချင်မိတယ် ။
တွေ့လိုက်ရပြန်တော့လဲ  ရင်ဆိုင်ဖို့
အင်အားတော့ ရှိလိမ့်မယ်မထင်ဘူး ။
အကြင်နာဦးရေ...နင်လာခူးပါ ...
ငါ့အချစ်တွေကို သခင်ဖြစ်အောင်
ဆိုင်လေတဲ့ နင့်အတွက်သာ
ငါဟာ ပွင့်ခဲ့တယ် ။
မဆိုင်လေတဲ့ တခြားသူတွေအတွက်တော့
ပင်မြင့်ထက်မှာ မဝေလိုဘူးကွယ် ။
ကြွေလိုဦးမယ်.. နှလုံးသားရဲ့
အရှင်သခင် နင့်ရင်ခွင်မှာပဲ ။
နေချင်မိတယ် ..အခွင့်ရှိရင်လေ
နင်နဲ့အတူ တသက်လုံးပဲ ။



ခြေသဲနီ၊ လက်သဲနီ၊ နှုတ်ခမ်းနီ
မဆိုးတတ်တဲ့ “မ” ကိုကျွန်တော်ချစ်တယ် ။
ဘာမှပြင်ဆင်မထားတဲ့ “မ” ရဲ့အလှဟာ
ကောင်းကင်ဘုံက နတ်သမီးတစ်ပါးပါပဲ ။
သဘာဝက ပေးထားတဲ့ အလှတရားတွေနဲ့
ပြီးပြည့်စုံနေတဲ့ “မ”
ဆုတောင်းတိုင်း ပြည့်ခဲ့လို့
လှချင်တိုင်းလှနေတော့...
ကျွန်တော်သာ ညည ငုတ်တုတ်မေ့
အိပ်ရေးပျက်ရတယ် ။
အိပ်မပျော်တိုင်းလဲ “မ”အကြောင်းကိုပဲ
အတွေးနယ်ချဲ့မိတယ် ။
သြော်..“မ” ရယ်..“ချစ်တယ်”...။
လူတိုင်းပြောနေကျ အရိုးရှင်းဆုံး
စကားလေး တစ်ခွန်းကိုပဲ
ကျွန်တော့ရင်ထဲက ...
ထပ်ခါထပ်ခါ ပြောနေမိတော့တယ် ။
ကျွန်တော့ဆန္ဒကို ဖွင့်ဟမိတဲ့နေ့မှာ
“မ” ကျွန်တော့ကို
မုန်းသွားမှာကိုလဲ စိုးမိတယ် ။



ချစ်သူသို့ တမ်းချင်း....

လေပြေတွေက ဥသြငှက်ရဲ့ အော်သံနဲ့အတူ
ပစ္စုပ္ပန်ကို ငါ့ဆီကိုခေါ်ဆောင်လာခဲ့တယ် ။
နွေဦးကို မြင်ရတဲ့ အချိန်လောက်
ဘ၀မှာ သာယာတာမျိုးမရိုးနိုင်ဘူး ။
ဒါနဲ့တောင် အတိတ်မှာပျော်ဝင်နေချင်သေးတဲ့ ငါက
အိပ်မက်ကနိုးထဖို့တောင် ယောင်နန....
ချောင်ကျကျ ကော်ဖီဆိုင်ထောင့်မှာ
ဘယ်လောက်ကြာအောင် ထိုင်နေခဲ့မိပြီလဲမသိ.....
နင်ရှိနေသေးတယ် ဆိုတဲ့ အသိက
ငါ့ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ။
ဒီလိုနဲ့ပဲ......မျှော်လင့်ချက်တွေ ထပ်ထပ်ပြီး
တောင်လိုရာလို ပုံနေခဲ့တယ် ။
ရင်ခုန်စွာနဲ့ အိပ်မက်နေဆဲပါ...ငါ့ချစ်သူ
ငါဟာ အိပ်မက်နေဆဲ......
ကျေးဇူးပြုပြီး အိပ်မက်ကငါမနိုးပါရစေနဲ့ ။
မျှော်လင့်ချက်တွေကို နင်ရိုက်ချိုးမပစ်လိုက်ပါနဲ့ ။
ကျေးဇူးပြုပြီး ငါ့ကိုဆက်လက်ရှင်သန်ခွင့်ပေးပါ ။
ဒီကမ္ဘာလောကကြီးရဲ့ တနေရာရာမှာ
နင်ရှိနေသေးတယ်ဆိုတာ.......
ငါ့နှလုံးသားက အသေအချာကိုသိနေလို့ပါ ။

သံသရာစက်ဝန်း

အချစ်....
အချစ်ဆိုတာ......
သိပ်ပြီးထူးဆန်းတဲ့ အရာတဲ့ ။ (လူတွေကပြောကြတာပြောပါတယ်)
အမုန်း....
အမုန်းဆိုတာကတော့ ....
ဘယ်သူကမှ မနှစ်မြို့တဲ့အရာတစ်ခုပေါ့ ။ (အဲဒါကို နင်လဲသိပါတယ်)
အလွမ်း.....
အလွမ်းဆိုတာလဲ .....
ချစ်ဖူးတဲ့သူတိုင်း ခံစားဖူးကြမှာပါပဲလေ ။
အဆုံး....
အဆုံးသတ်တဲ့ တနေ့မတော့.....
အချစ် + အမုန်း + အလွမ်း သံသရာစက်ဝန်းကြားက
နင်လဲ ငါ့ရင်ခွင်ဆီ...
ပြန်လာတန်ကောင်းပါရဲ့ကွယ် ။


Friday, May 18, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။
အရင်ကလိုပဲ  နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ
ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။
ဟောင်းနွမ်းမသွားသေးတဲ့ 
 ချစ်ခြင်းတရားတွေနဲ့ အတူ
အချိန်တွေကြာလာတာနဲ့ အမျှ
မပြယ်လေတဲ့ သံယောဇဉ်တွေက
အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို
တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။
ရုန်းထွက်ဖို့လဲ ခက်ခဲသလို
ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။
အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ
အဆုံးမရှိ မျှော်လင့်ရင်း.......
ချစ်ရတဲ့သူ နင်အခုဘယ်မှာ
ရှိနေမလဲလို့ သိချင်မိတယ် ။
ဟိုးအဝေးက .....
တိမ်တိုက်တွေထဲမှာလားကွယ် ။

Thursday, May 17, 2012

ဘ၀သစ်

တိတ်ဆိတ်တဲ့ ညအမှောင်......
လရောင်မှ မလင်းနိုင်တဲ့  ဒီခရီး။
အချစ်မီး ထွန်းလင်းခဲ့သူ
မင်းကြောင့်သာ....
ပင်လယ်ကို မြင်နိုင်တော့တယ်။
ငါ ဘာကိုကြောက်ရမှာလဲကွယ်။
“မေခလာ” မကယ်လဲ
မင်းရှိနေမယ် ။
လင်းလက်လွန်းတဲ့ အချစ်စစ်တွေနဲ့
လမ်းပြခဲ့တယ် ။
ပြာလဲ့လဲ့ မိုးကောင်းကင်ထက်က
လမ်းပြကြယ်....
မင်းဟာ ငါ့ဘ၀ရဲ့
သမုဒယနွယ်....
အိပ်မက်တွေ စီခြယ်....
ဒို့နှစ်ယောက် ရည်ရွယ်တဲ့လမ်း.....
ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ။
အဆုံးထိ လှမ်းနိုင်ဖို့
ပန်းတိုင်ကို မြင်နေရပြီ (ဟိုအဝေးမှာ)
ဇွဲမလျှော့နဲ့ ငါ့အချစ်.....
ရောင်နီအောက်မှာ
ဒို့ နှစ်ယောက်ရဲ့
ဘ၀သစ် ........

ညိုချော

သူ့ အသားလေးက ညိုညိုစိမ့်စိမ့်
တသိမ့်သိမ့် ရင်တုန်အောင်
ခုန်ခဲ့မိပါတယ်.......
သူ့စကားလေးက ချိုချို ငြိမ့်ငြိမ့်
ခေါင်းညိမ့်ကာ ငါလေ
နာခံခဲ့မိပါတယ်........
ညိုချောရယ်.......
နင့်အကြည့်နွံမှာ ငါနစ်သွားပြီပဲ။
ရုန်းမရနိုင်အောင် ချည်နှောင်တွယ်ရစ်သွားပြီပဲ။
ဒါဟာ ထောင်ချောက်တစ်ခုဆိုရင်လဲ
ငါ  လွတ်မြောက်ဖို့ မကြိုးစားတော့ပါဘူး။
“နင်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
မာန်မာန အားလုံးကို ခ၀ါချ
သိပ်ချစ်လို့ ငါ
မြတ်နိုးပြီးရင်း မြတ်နိုးနေခဲ့တာ
ဒါတွေကို  ငါချစ်တဲ့
ညိုချောလေးတယောက်
သိခဲ့ရင်.........